Friday, December 7, 2012

"တန်ဖိုးနောက်ကွယ်"



ကျော်ဝေ ..ခြေတွေလက်တွေ တုန်ယင်နေသည်။ အံကိုခပ်တင်းတင်း
ကြိတ်လိုက်၏။ ဘာရရ ..တစ်ခုခုကိုတော့ မြန်မြန်ဆွဲချသွားမည်ဟု၊ ဆုံးဖြတ်
ပြီး ပြတင်းပေါက်နားကို ကပ်သည်ထပ် ကပ်လိုက်သည်။
ဒီအိမ်ကို သူရွေးချယ်ရခြင်းက .. အိမ်မှာ အိမ်ရှင်အဖိုးအိုမှလွဲပြီး မည်
သူတစ်ဦးတစ်ယောက်မှမရှိတာကြောင့်လည်းပါသည်။ ပြီးတော့ ..အဖိုးအိုဆီ
မှာ အဖိုးတန်ပစ္စည်းတွေရှိသည်ဟု၊ သူ့ အတန်းဖော်သူငယ်ချင်း ကြည်သန့်
ပြောတာ မကြာခဏကြားဖူးသည်။ စိတ်က လောနေသည့်ကြားမှ ကြည်သန့်
အကြောင်းက အတွေးထဲရောက်လာပြန်သည်။ ကြည်သန့် က အတန်းထဲမှာ
တော့ စာတော်သည့် ကျောင်းသားတစ်ယောက်။ ဒါပေမယ့် ..သူတော်သည်
ဆိုတာ ထူးဆန်းသည်။ မနှစ်က အထိ ကြည်သန့်သည် သူလိုငါလို ကျောင်း
သားတစ်ယောက်သာ ဖြစ်သည်။ ဘာကိုမှ မယ်မယ်ရရ ရည်ရွယ်ချက်မရှိ။
နောက်တော့ ..အဖိုးအိုက သူတို့အိမ်နားသို့ပြောင်းလာသည်။ ကြည်
သန့်အမေက အဖိုးအိုကို သနားသဖြင့် .. အဲဒီ့အိမ်ကို ၀င်ထွက်သွားလာခါ၊
ကြည်သန့်ကိုလည်း အဖိုးအိုအတွက် မုန့်တွေ၊ ဟင်းတွေ မကြာခဏ ပေးပို့
စေ၏။ အဖိုးအိုနှင့် ဆုံဆည်းပြီးနောက်ပိုင်းမှာ ..ကြည်သန့် ပုံစံပြောင်းလဲသွား
သည်၊ အရင်လို ပေါ့ပျက်ပျက်မဟုတ်တော့ဘဲ၊ ကျောင်းသားတစ်ယောက်ပုံစံ
မျိုးထက် လူကြီးတစ်ယောက်လိုဖြစ်လာသည်။ ကျော်ဝေတို့ ကျောင်းပြေးပြီ
ဆို မလိုက်တော့ ..။ အဖိုးဆီသွားရဦးမယ် ..ဟု၊ ပြောပြီး အိမ်သို့သာတန်း
ပြန်လေသည်။ ကျော်ဝေကတော့ .. ခပ်ဆိုးဆိုးကျောင်းသားအဖြစ် အားလုံး
က သတ်မှတ်ထားသူ။ ဖခင်မရှိတော့သော ကျော်ဝေအဖို့၊ အချိန်တိုင်း မီးဖို
ဘေးမှာ အကြော်ထိုင်ကြော်နေသော အမေကလည်း ပညာရေးအတွက် ဘာ
မှ အထောက်အပံ့မပေးနိုင်။ ဒီလိုနှင့် ကျောင်းစာလည်း လျော့တိလျော့ရဲဖြစ်
သည်။ သူများသုံးတိုင်း ဖြုန်းတိုင်း ကိုယ်လည်း သုံးချင်ဖြုန်းချင်လာသည်။
ဒီတော့ ..အစပိုင်းမှာ အမေ့ဆီက ခိုးသည်။ ဒါပေမယ့် ..အမေ့ဆီက ခိုးတာ
ဘာရမှာမို့လဲ ..။ ဒီကြားထဲ ခိုးတာမိရင် ထင်းချောင်းနဲ့ဖြစ်စေ၊ တံမြက်စည်း
နဲ့ဖြစ်စေ ရိုက်တာ ခံရသေးသည်။
ဒီတော့ ..အမေ့ဆီက မခိုးတော့ဘဲ၊ သူငယ်ချင်းတွေဆီက နည်းနည်း၊
တခြားလက်လွယ်ရာ နီးစပ်ရာဆီက ခိုးတတ်လာသည်။ မနေ့ကတောင်မှပဲ ..
ကြည်သန့်ဆီက ကွန်ပါဘူးအသစ်လေးကို ခိုးလိုက်သည်။ ပြီးတော့ ဟိုဘက်
ရပ်ကွက်က ကောင်လေးတစ်ယောက်ကို ငါးရာလောက်နှင့် ပြန်ရောင်းလိုက်
သည်။ ဒီနေ့တော့ .. သူလိုချင်နေသည့် တီရှပ်လေးတစ်ထည်ကို စိတ်ထဲမှာ
သိပ်ဝယ်ချင်နေသည်။ သုံးထောင်ဆိုတော့ သူမတတ်နိုင် ..။ အမေ့ဆီကခိုး
သည်ဖြစ်စေ .. တောင်းသည်ဖြစ်စေ ..သုံးထောင်ကတော့ မရနိုင် ...။ အဲဒီ့
တော့ လုပ်နေကျအတိုင်း ခိုးဖို့ပဲ စဉ်းစားမိလာသည်။
ဘယ်က လစ်ရင်ကောင်းမလဲ တွေးကြည့်သည့်အခါ မထင်မှတ်ဘဲ၊
ကျောင်းအပြန်မှာ အဖိုးအို၏ အိမ်ကို လှမ်းမြင်လိုက်ရသဖြင့် .. သူ အခုလို
ချဉ်းကပ်လာခြင်းဖြစ်သည်။ ခပ်ဟဟ ပွင့်နေသော ပြတင်းပေါက်နားကို ...
ဖြည်းဖြည်းချင်းတိုးသွားပြီး .. အပေါက်နှင့်နီးသည့် လက်လှမ်းမီရာ ပစ္စည်း
တစ်ခုကို ယူသွားဖို့၊ လက်ကို တိုးလိုက်သည်။

"ကောင်လေး .. ဘာလိုချင်လို့လဲ။ အိမ်ထဲကို ၀င်ယူလေ .."

ရုတ်တရက်ကြားလိုက်ရသော အသံကြောင့်၊ ကျော်ဝေလက်တွေတန့်
သွာပြီး၊ လူကလည်း ထိတ်ကနဲ လန့်သွားသည်။

"မကြောက်ပါနဲ့ ကောင်လေးရ။ မင်းလိုချင်တာ ယူသွားပါ။ ငါပေးနိုင်ပါ
တယ်။ ၀င်လာပါ"

ပြေးဖို့ကြိုးစားသော်လည်း၊ ကြောက်နေသဖြင့် ခြေထောက်တွေ တုန်
နေသည်။

"လာပါ ..၀င်ခဲ့ပါကွ။ မင်း ပြေးမယ်ဆိုရင်တော့ မင်းအိမ်ကို ငါတိုင်မယ်
မင်း ဘယ်သူဆိုတာ သိနေတဲ့အတွက် ရဲစခန်းကိုလည်း တိုင်လို့ရတယ်။ အဲဒီ
တော့ ..၀င်သာလာပါကွာ .."

မထူးပါဘူး ..ဟု၊ သူတွေးလိုက်သည်။ မရဲတရဲနှင့်ပင် အိမ်ထဲသို့ ၀င်
လာလိုက်၏။ ကြိမ်နှင့် ပြုလုပ်ထားသော ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်
နေသော အဖိုးအိုကိုတွေ့ရသည်။ အဖိုးကို မြင်ရသည်မှာ သူတွေးထားသလို
အမျက်ဒေါသတွေရှိမနေ ..။ အဖိုးအိုက .. သူ့ကို ထိုင်ဖို့ ညွှန်ပြသည်။ ကျော်
ဝေ ကတုန်ကယင်နှင့် ထိုင်လိုက်၏။ အဖိုးက .. သူ့နံဘေးတွင် ရှိသော စာ
အုပ်ပုံထဲမှာ စာအုပ်တစ်အုပ်ကို ယူလိုက်သည်။ ကျော်ဝေထံသို့ ကမ်းပေး၏။

"မင်း ဘာလိုချင်နေမှန်းတော့ မသိဘူး။ သေချာတာက ငွေလိုနေတာ
ဖြစ်ဖို့များတယ်။ ဒီစာအုပ်ကို ယူသွားကွ။ ကာလတန်ဖိုးအားဖြင့် ..တန်ကြေး
ထက်၊ ဒီစာအုပ်ထဲက တန်ဖိုးကိုတော့ ငါက ပိုပြီး သဘောကျတယ်။ ငါပြော
ချင်တာက ဒီစာအုပ်လေးကို ဖတ်ကွာ။ မကြာပါဘူး။ တစ်ထိုင်တည်းတောင်
ပြီးလောက်တယ်ကွ။ မနက်ဖြန်ကျတော့ .. အဲဒီ့စာအုပ်လေးအကြောင်းကို ငါ့
ကို လာပြောပြ။ ငါ မင်းကို မင်းလိုသလောက် ပိုက်ဆံပေးမယ်။ နောက်နောင်
ကိုလည်း မင်းလိုချင်တာ ၀ယ်ပေးမယ်"

ကျော်ဝေ ..အံ့သြမိသည်။ ဒီလောက် စာအုပ်တွေအများကြီးပိုင်ဆိုင်
ထားတဲ့ အဖိုးကြီးက စာမဖတ်တတ်တာတော့ မဟုတ်လောက်။ အသက်ကြီး
လာလို့ မျက်စိမှုန်လို့ပဲ သူ့ကို ဖတ်ခိုင်းလေသလား။ ဘာပဲဖြစ်ဖြစ် ..စာအုပ်
ကြည့်ရတာ အဖိုးတန်မည့်ပုံရှိသည်။ ရောင်းစားလိုက်လျှင်တောင် မနည်းဘူး
ဟု၊ တွေးလိုက်၏။ ထို့ကြောင့် ..ပြီးပြီးရော ခေါင်းညိတ်ပြပြီး ကျော်ဝေ စာအုပ်
ကို ပိုက်ကာ တစ်ချိုးတည်း ပြန်ပြေးလာတော့သည်။ အိမ်ရောက်တော့ အမေ
ချက်ထားသည့် ထမင်းကိုစားပြီး၊ စောစောစီးစီး အိပ်ယာဝင်ခဲ့၏။ မနက်ဖြန်
မနက်စောစော ..စာအုပ်သွားရောင်းရင်ကောင်းမလား။ ဒါမှမဟုတ် ..အဖိုးအို
ပြောသလို ..ဖတ်ပြီးပဲ သွားပြန်ပြောပြရင် ကောင်းမလား တွေးမိသည်။ အဖိုး
အိုကတော့ လိမ်လည်မည့်အသွင်မတွေ့ရ။ သူဖတ်ပြီး ပြောပြလျှင် တကယ်
ကို သူ့လိုအင်တွေကို ဖြည့်ပေးလိမ့်မည်ဟု၊ ယုံကြည်နေမိသည်။ ဘာရယ်မ
ဟုတ်ဘဲ ..လက်က စာအုပ်ကို အလိုလိုလှမ်းမိသွား၏။
စာအုပ်အဖုံးက အသစ်ပြန်ဖုံးထားပုံပေါ်သည်။ မူလအဖုံးမဟုတ် ...။
ကတ်ထူဖြင့် ခိုင်ခံ့အောင် ပြန်ဖုံးထားသည်။ အဖုံးပေါ်မှာ ဘာမှရေးမထား ..။
အတွင်းကို လှန်ကြည့်လိုက်သည်။
"ချမ်းသာမှုတွေ ဒီစာအုပ်ထဲမှာ ရှိတယ် ..မယုံရင် ဖတ်ကြည့် .."
ကျော်ဝေ ရယ်ချင်သွားသည်။ စိတ်လည်းနည်းနည်း ၀င်စားသွား၏။
ထို့ကြောင့် .. နောက်တစ်ရွက်ဆက်လှန်မိ၏။ သူ့ဘ၀သည် အောက်ဆုံး ...
ဟိုးအောက်ဆုံးမှာ ..... ထောင်ကို အကြိမ်ရာနဲ့ချီပြီး ကျခဲ့ဖူးသည် ..သို့သော်
နောက်ဆုံးမှာတော့ .. အမေရိကန်နိုင်ငံ၏ အောင်မြင်ထင်ရှားသော စာရေး
ဆရာဘ၀ဖြင့် ဒေါ်လာသန်းနဲ့ချီပြီး ပိုင်ဆိုင်နိုင်ခဲ့သည်...စသည်ဖြင့် ..အစပျိုး
ရေးသားထားသော ဂျက်လန်ဒန် ..ဟူသည့် စာရေးဆရာတစ်ယောက်၏
အကြောင်း ..။ ထို ပုဂ္ဂိုလ်ကြီးသည် ထမင်းအနပ်ပေါင်းများစွာ မစားရ၊ စာပေ
ဆိုတာ ဘာမှမသိ ..။ ခိုးဆိုးလုယက်တတ်သူ၊ မကောင်းသည့် နေရာမှာကျင်
လည်ရင်း ထောင်ထဲမှာ အချိန်ကုန်ခဲ့သူ ..။ သူ့အကြောင်းက ဆိုးလွန်းသဖြင့်
.. အချိန်တော်တော်ကြာကြာ .. ကျော်ဝေ နစ်မြောသွားမိသည်။ ဒီ့နောက်မှာ
တော့ .. စာအုပ်တွေကို ဖတ်မိသဖြင့် ..သူ့ဘ၀ပြောင်းလဲသွားပြီး ..နောက်ဆုံး
မှာ ဂျက်လန်ဒန်ဟူသည့် ကျော်ကြားထင်ရှားသော စာရေးဆရာကြီးဘ၀ကို
ရောက်ရှိသွားရသည် ..။ စာအုပ်က မည်မျှဆွဲဆောင်သည်မသိ ..။ စာအုပ်ပြီး
ချိန်မှာ အိမ်ခေါင်းရင်းက ကြက်တွန်သံကြားရသည်။
ကျော်ဝေ မအိပ်နိုင်တော့..။ စိတ်ထဲမှာ တစ်ခုခု တင်းကျပ်နေသည်။ ရှက်သလိုလိုဖြစ်နေသည်။

သူ့ဘ၀ကို နိမ့်ကျဆိုးရွားလွန်းသည်ဟု၊ သူအမြဲ
တွေးခဲဖူးသည်။ ဒါပေမယ့် ..ဒီစာရေးဆရာကြီးလို ထမင်းတွေအနပ်ပေါင်းများ
စွာ မငတ်ခဲ့ဖူးပါ။ မိဘမဲ့ပြီး လမ်းမှာမအိပ်ခဲ့ဖူးပါ။ ဒီလိုလူက လူသန်းပေါင်းများ
စွာရဲ့အလည်မှာ အောင်မြင်ထင်ရှားသူ ဖြစ်လာခဲ့သည် ..တဲ့။ ဒီလိုလူတွေ ..
အများကြီးပဲလား ..နိမ့်ပါးရာဘ၀ကနေ ချမ်းသာအောင်မြင်နိုင်သတဲ့လား ..။
သိချင်စိတ်တို့နှင့် အတွေးတို့က၊ ကျော်ဝေ ..ရင်ထဲ .. နက်နဲလွန်းစွာ ...။
ကျောင်းစာအုပ်တွေမှာ စာတွေသင်ခဲ့ရဖူးသော်လည်း ..အခုလို ရင်ထဲ
မှာ အမျိုးအမည်မသိ ဝေဒနာကို ဘယ်တုန်းကမျှ မခံစားရ။ ခါတိုင်းဆို ..ခိုးရာ
ပါ ပစ္စည်းတစ်ခုခု ရလာတိုင်း အိမ်က စောစောထွက်ပြီး ..သွားရောင်းနေကျ
ဖြစ်သည်။ ညကတော့ ..ဒီစာအုပ်ကို မနက်ကျလျှင် ရောင်းဖို့ စိတ်ကူးပြီးသား။
အခုတော့ ......။ ကျော်ဝေ ဆုံးဖြတ်ချက်တစ်ခုချကာ စာအုပ်ကို ကောက်ကိုင်
လိုက်သည်။ အချိန်ကာလအားဖြင့် စောနေသေးသော်လည်း ..သူ အိမ်ကနေ
ထွက်လာခဲ့သည်။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံပြုပြီးသည်နှင့် မရှေးမနှောင်းမှာ အဖိုးအို တံခါးလာဖွင့်
၏။ ဘာမှမပြောဘဲ ရှေ့မှ ၀င်သွားကာ ကြိမ်ခုံကြီးမှာထိုင်သည်။ ကျော်ဝေ ..
စာအုပ်ကို မရဲတရဲ ကမ်းပေးလိုက်၏။

"မင်း ..ဖတ်ဖြစ်လား"

ကျော်ဝေ ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြလိုက်သည်။ အဖိုးအိုက ..
ကျော်ဝေ မျက်နှာကို သေချာကြည့်၏။ အင်္ကျီအိတ်ထဲမှ ငွေစက္ကူတချို့ကိုနှိုက်
ယူလိုက်ပြီး ..ကျော်ဝေထံသို့ ကမ်းပေး၏။

"ရော့ .. ဒါ မင်းအတွက် ငါ့ကတိအတိုင်းပေးတာ"

ကျော်ဝေ ဆွံ့အတုန်လှုပ်နေသည်။ လှမ်းမယူရဲ ..လှမ်းမယူချင် ..။

"ကျွန်တော် ..ပြောပြရဦးမယ် မဟုတ်လား .."

အဖိုးအိုက ကျော်ဝေကိုကြည့်ကာ ခပ်ဖွဖွရယ်သည်။

"မလိုဘူး ကောင်လေး။ ဒီစာအုပ်ကို ငါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်း
က ဖတ်ခဲ့ဖူးတယ်။ မင်း ဖတ်ဖြစ်တယ်ဆိုတာလည်း ငါ ယုံတယ်။ ဒီတော့ ..
ငါ့ ကတိအတိုင်း မင်းကို ပေးစရာရှိတာပေးရမှာပဲ ..။ ပြီးရင်တော့ .. မင်း ပြန်
နိုင်ပြီ"

ကျော်ဝေက အဖိုးအို မျက်နှာကို ကြည့်ရင်း .. "ကျွန်တော် ပိုက်ဆံမလို
ချင်တော့ဘူး အဖိုး" ..ဟု၊ ပြောလိုက်သည်။
အဖိုးအိုက ပြုံးရင်း .."ဒါဆို ဘာလိုချင်လဲ ကောင်လေး"ဟု၊ ပြန်မေး၏။

"ကျွန်တော် ..ကျွန်တော့်ကို .. နောက် ..နောက်ထပ် စာအုပ်တစ်အုပ်ပဲ
ဖတ်ခွင့်ပေးပါ"

အရဲစွန့်ပြီး ပြောလိုက်သည့်စကားနောက်မှာ ..အဖိုးအို၏ နှစ်ခြိုက်စွာ
ရယ်သံကြားလိုက်ရသည်။

"လူလေး .. မင်း ငါ့ တစ်အိမ်လုံးကိုကြည့်စမ်း။ စာအုပ်တွေတွေ့လား
ကွ။ အဲဒါ ငါပိုင်ဆိုင်သမျှ ရတနာတွေပဲ ..။ မင်း နှစ်သက်သလို ယူဆောင်ခွင့်၊
သိမ်းဆည်းခွင့်ရှိတယ်။ မင်းအတွက် တကယ်အသုံးတည့်မယ်ထင်ရင်ပေါ့"

ကျော်ဝေ ..အနားမှာရှိသည့် စာအုပ်တွေကို ခပ်ဖွဖွ ယူဆောင်ပြီး ဖွင့်
ကြည့်သည်။ စိတ်ထဲမှာ လှိုက်လှဲစွာ ပျော်ရွှင်နေ၏။ ကြည်သန့်ပြောသည့် ..
အဖိုးမှာ ရှိသည့် တန်ဖိုးရှိသည့် ပစ္စည်းများဆိုတာ ဒါပဲဖြစ်မည်ဟု၊ သူ ယုံ
ကြည်မိသည်။
ခဏအကြာမှာတော့ ..အဖိုးအို၏ အိမ်သို့ ကြည်သန့်ရောက်လာသည်။
သူ့ကိုမြင်တော့ ကြည်သန့်က အံ့သြဟန်မရှိ။ ရင်းနှီးနွေးထွေးစွာ ပြုံးပြသည်။
ကြည်သန့် ကွန်ပါဘူးလေးကို ခိုးယူမိသည့်အကြောင်း ဖွင့်ဟ၀န်ခံချင်လာ၏။

"ကြည်သန့် ..မနေ့က ငါ .."

သူ့စကားမဆုံးလိုက်။ ကြည်သန့်က .."ငါသိပါတယ်ကွာ..အဖိုးလည်း
သိတယ်။ မင်းကိုလည်း ငါ စိတ်မဆိုးပါဘူး။ မင်းကို အခုပြောချင်တာက ငါ ..
မင်း အခုလို အဖိုးနဲ့တွေ့ဖြစ်အောင် .. မင်း အဖိုးဆီက လိုချင်တပ်မက်စိတ်
ဖြစ်လာအောင် .. အဖိုးမှာ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေ ပိုင်ဆိုင်တယ်လို့ ..
ပြောခဲ့တာပဲ ..။ ဒါကလည်း .. အဖိုးကို မင်းအကြောင်းတွေ ပြောပြပြီး အဖိုး
ပေးတဲ့ အကြံဥာဏ်အတိုင်း လုပ်ခဲ့တာပါ" ..ဟု၊ လေးနက်စွာ ပြောလာသည်။
ကြည်သန့်ကို သူကျေးဇူးတင်စွာကြည့်လိုက်၏။ ထိုနေ့က ..ကြည်သန့်
နှင့် အတူ ..ကျောင်းသို့လာခဲ့သည်။ အဖိုးက အတင်းပေးသဖြင့် ..မုန့်ဖိုးလေး
လည်း ရခဲ့၏။ ကျော်ဝေ ..မုန့်မစားဘဲ ..ကျောင်းဆင်းတော့ ကြည်သန့်၏ကွန်
ပါဘူးလေးကို ရောင်းခဲ့သူထံမှ ပြန်ဝယ်ပြီးပေးလိုက်သည်။
ကျော်ဝေ စိတ်တွေ ရွှင်လန်းနေ၏။ တက်ကြွနေ၏။

နောက်ရက်များမှာလည်း .. လူငယ်လေးနှစ်ဦး ..စာအုပ်ကိုယ်စီပိုက်
ခါ၊ သူတို့ချစ်မြတ်နိုးရာ အဖိုးအို၏ ရတနာသိုက်ဆီသို့ အတူတူသွားခဲ့ကြ၏။
ပျော်ရွှင်ခြင်း ..ငြိမ်းချမ်းခြင်း ..လေးနက်ခြင်းတို့ အပြည့်........။ ။


နန်းအသင်္ခယာ

2 comments:

  1. တန်ဘိုးရှိတဲ့ စာတပုဒ်

    ReplyDelete
  2. It is a great article..I like it very much...အရမ်းဖတ်လို့ ကောင်းပါတယ်..လူငယ်တွေအတွက် အမြင်မှန်ရစေမယ်လို့ ထင်ပါတယ်..

    ReplyDelete