Friday, December 7, 2012

"သတ္တိသွေး ..နွေးတဲ့ မေတ္တာ"




မနက်တည်းက ခေါင်းတွေမူးနောက်သလိုလိုနဲ့ အခုထိ မသက်သာပါ
လား .. တစ်ကိုယ်တည်း တိုးတိုးဖွဖွညည်းလိုက်သည်။ အနည်းငယ် လှုပ်ရှား
လိုက်သဖြင့် ရင်ခွင်ထဲက မွေးကင်းစ သားငယ်လေးက အိကနဲ အသံထွက်
လာသည်။ အနှီးပေါ်မှ တဆင့် ကျောပြင်နုလေးကို အသာပွတ်ပေးလိုက်၏။
သြော် .. မနက်ဖြန်ဆို ဆေးရုံက ဆင်းရမယ်။ သားလေးကို ဘယ်သူ
နဲ့ အပ်ခဲ့ရပါ့မလဲ ..။ ဘေးအိမ်က ဒေါ်နုကိုပဲ ပိုက်ဆံလေးနည်းနည်းပေးပြီး
ကြည့်ခိုင်းရမှာပဲ။ မနေ့က ..မေသဲလာတော့ ငါ့ကို အပြစ်တင်သေးတာ ..။
ကိုယ်လုပ်တဲ့အလုပ်နဲ့ ဒီကလေးနဲ့ ..နင်တော်တော်မိုက်တယ်တဲ့ ...။ ဘယ်
တတ်နိုင်မလဲ ..။ ငါလည်း အစကတော့ သိသိချင်းမှာ တုန်လှုပ်တာပါပဲလေ။
မေသဲတို့ စိုးစိုးတို့က မမွေးဖို့ အတင်းတိုက်တွန်းနေကြတာ ...။
ငါတို့က စိန်ခေါ်မှုတွေနဲ့ ဘ၀ကို ဖြစ်သလိုသွားနေရတာမဟုတ်လား။
သူတို့ပြောတာလည်း မလွန်ပါဘူးလေ ...။ ညဘက်ရောက်မှ ငွေရှာ၊ လမ်းမှာ
နေ၊ လမ်းမှာစား၊ လူတကာနဲ့သွားလာနေရတော့ ..ကလေးတစ်ယောက်မွေး
ဖို့ဆိုတာ စွန့်စားရာ အကျဆုံးပဲ။ ဒီကြားထဲ ကလေးအဖေနာမည်မေးရင် ဖြေ
ရတာ စိတ်ညစ်ဖို့အကောင်းဆုံး။ ကိုယ်ဝန်စအပ်ထဲက .. ကိုယ့်အလုပ်အကိုင်
ကို ပြောပြထားတာတောင်၊ တမင်ပဲ နှိမ်ချင်လို့လားတော့မသိဘူး။ ဒါပဲလာပြီး
မေးမေးနေတယ်။
စဉ်းစားတွေးတောရင်း .. သားငယ်ကို တစ်ချက်ငုံ့ကြည့်မိသည်။
ငါနဲ့တူတယ် ..။ အဖေနဲ့တူမတူဆိုတာတော့ ငါကိုယ်တိုင်တောင်မှမသိ
တာလေ ..။ သေချာတာက ..မျက်ခုံးမျက်လုံးလေးကတော့ ငါနဲ့တူတာအမှန်
ပဲ ..။ ငါ့သားပဲလေ .. တခြားဘယ်သူနဲ့တူရဦးမှာလဲ။ ငါနဲ့ပဲ တူရမှာပေါ့။
ဆေးရုံက ဆင်းရင် .. ငါအလုပ်ပြန်မလုပ်ချင်တော့ဘူး။ တခြားအလုပ်
တစ်ခုခု စဉ်းစားဦးမှ ..။ ဒါကလည်း ..တခြားမဟုတ်ပါဘူး။ သားလေးကြီးလာ
လို့ အမေက ဘာလုပ်လဲဆို.. ခမျာမှာ ရုပ်ရှင်တွေထဲက မင်းသားလေးတွေ ငို
ရသလို ..ကျုပ်အမေက မကောင်းတဲ့မိန်းမကြီးဗျ ..လို့၊ ပြောပြီး ငိုရမှာမျိုးကို
မဖြစ်စေချင်ဘူး။ ခက်တာက ..အခုအလုပ်ကတော့ ငွေလည်းရလွယ်တယ်။
လုပ်ဖော်ကိုင်ဖက်တွေကလည်း ဒါပဲ ပြန်လုပ်စေချင်နေကြတာ .. အေးလေ..
လေးလေးနက်နက်တော့ တွေးရမှာပဲ ..။ မတော်တဆ ဒီကလေးကို ရလာခဲ့
ပေမယ့် .. ကိုယ်ဝန်ရှိနေတုန်းမှာ စိတ်ရှုပ်ခဲ့ရသလောက် ..မွေးပြီးတော့လည်း
သူ့ကိုကြည့်ရင်းနဲ့ပဲ ငါ ပျော်နေမိသလိုပဲ ။ သူ့အဖေ ဘယ်သူပဲဖြစ်ဖြစ်ပါလေ။
အဓိကက ..သူက ငါ့သားလေးပါပဲ ...။
နောင်တမဲ့စွာပြုံးရင်း..သားငယ်ရင်သွေးကို ယုယစွာထွေးပွေ့ထားလိုက်
လေသည်။

----------

အမှိုက်ပုံမှာ မကြာသေးမီကမှ ပစ်သွားသော အမှိုက်တွေကလတ်လတ်
ဆတ်ဆတ်။ ရပ်ကွက်က ညိုမဟု၊ ခေါ်ကြသည့် သားတစ်အုပ်နှင့် ခွေးမတစ်
ကောင်အဖို့တော့ ထိုအမှိုက်ပုံက စားတော်ဆက်ကြီးဖြစ်သည်။
လူအလစ်ကိုချောင်းပြီး ညိုမ ကားအောက်မှာ ၀ပ်နေရာမှ ပြေးထွက်ခဲ့
သည်။ ခဏနေလျှင် အမှိုက်ကောက်သူတွေ လာကြတော့မည်ဖြစ်၏။ သူတို့
တွေ အမှိုက်ပုံကို ထိုးဆွ မွှေနှောက်နေချိန်မှာဆို ညိုမတို့ အနားသီလို့ မရပြီ။
တအီအီလုပ်နေသော ခွေးငယ်လေးများအတွက် အစာရှာရသည်မှာ လွယ်လှ
သည်တော့မဟုတ် ..။ အခုတလော ..စည်ပင်က ရှင်းလင်းသုတ်သင်ရေးတွေ
ကလည်း ရှိသည်။ ဘာကြောင့်မှန်းမသိ .. ညိုမမှာ အမှတ်သညာကောင်း၏။
စည်ပင်က ကားကိုမြင်သည်နှင့် .. အန္တရာယ်၏ အငွေ့အသက်မှန်း သိသည်။
ရှောင်တတ်သည်။
စည်ပင်ကလူတွေထက်ပိုကြောက်ရသည်က ..ကျားဘိုနှင့်အပေါင်းအပါ
ခွေးတစ်စုဖြစ်သည်။ ပြောရမည်ဆို ညိုမက သင်းကွဲ ..။ သူ့ကလေးတစ်အုပ်
နှင့်သာ ရှာဖွေကျွေးမွေးနေသူ။ ဒီတော့ ..အမှိုက်ပုံကလည်း ဟိုဘက်ရပ်ကွက်
နှင့် ဒီဘက်ရပ်ကွက် အဆုံကြားမှာရှိသည့်အတွက် .. တစ်ဘက်ရပ်ကွက်မှာ
နေသည့် ကျားဘိုတို့က ညိုမကို အနိုင်ကျင့်လေ့ရှိသည်။ အမှိုက်ပုံမှာ စားစရာ
တစ်ခုရဖို့ ..ညိုမမှာ ကျားဘိုတို့နှင့် စစ်ခင်းလိုက်၊ အမှိုက်ကောက်သူတွေရန်
ကနေရှောင်ရှားလိုက် ...။
အမှိုက်ပုံနားကို နီးကပ်လာတော့ ..အိမ်တစ်အိမ်မှ ပစ်ထားသော စား
ကြွင်းစားကျန်တစ်ထုပ်ကို ညိုမ မျက်စိကျသွားသည်။ သူ့ကလေးတွေခြောက်
ကောင်နှင့်ဆို ဒီအထုပ်က လုံလောက်နိုင်သည်။ ခပ်မြူးမြူးဖြင့် ညိုမ အပြေး
သွားလိုက်၏။ အနားသို့ရောက်ခါနီးမှာပင် ....။
ဖုန်းကနဲပစ်လိုက်သည့် ဘယ်က မှန်းမသိသည့် ပြောင်းဖူးရိုးတစ်ခုက
ညိုမနံကြားသို့ လာထိသည်။ တိုက်တိုက်ဆိုင်ဆိုင် ..ထိုနေရာက ကျားဘိုတို့
ကိုက်ခံထားရသဖြင့် .. ဒဏ်ရာဖြစ်နေသည့်နေရာ ..။ ညိုမ အလန့်တကြား
လှည့်ပြေး၏။ ပြေးရင်းလှမ်းကြည့်လိုက်တော့ .. ခပ်လှမ်းလှမ်းမှာဆော့နေကြ
သည့် ကလေးတစ်သိုက်က လက်ဆော့ပြီးပစ်လိုက်တာမှန်းသိလိုက်ရသည်။
ထို့ကြောင့် ..ညိုမ သတိထားလျှက် အမှိုက်ပုံနားသို့ ပြန်ကပ်သွား၏။ ဒီတစ်
ခါတော့ အမှိုက်ထုပ်နားကို ချောချောမောမောရောက်သွားသည်။ နှာခေါင်းက
အနံ့ခံလိုက်ပြီး၊ အမှိုက်ထုပ်ကို ဆွဲယူလိုက်၏။ ပါးစပ်မှာ မြဲမြဲမြံမြံကိုက်ချီပြီး
တစ်ဘက်ကားလမ်းသို့ ပြန်ပြေးလာသည်။ ထိုစဉ် .. လမ်းထောင့်မှ ကျားဘို
နှင့် အပေါင်းအပါတစ်စုက မြင်သွားပြီး ညိုမနောက်သို့ အသည်းအသန်ပြေး
လိုက်လာတော့သည်။ ညိုမ ပါးစပ်မှာ ချီလာသည့် အထုပ်ကိုလုယူဖို့ ...။ အထုပ်တန်းလန်းနှင့် ပြေးရသော ညိုမမှာ ကျားဘိုတို့လို လွတ်လွတ်ကျွတ်
ပြေးတာမဟုတ်သဖြင့် ..မီလာကြသည်။ ခွေးနီတစ်ကောင်က ညိုမကို မာန်ဖီ
ကာ ပြေးကိုက်၏။ ညိုမ ပြန်မကိုက် ..။ ပါးစပ်ထဲက အထုပ်လွတ်ကျသွားမှာ
စိုးသဖြင့် ပြေးဖို့သာ ကြိုးစားသည်။ နောက်ထပ် ခွေးနှစ်ကောင်ပြေးလာပြီး
ညိုမကို လှမ်းကိုက်သည်။ နံကြားနှင့် လက်ပြင်တစ်ခုလုံး ပူထူသွား၏။ မာန်
ဖီသံပေးသည်မှလွဲပြီး ညိုမ မကိုက်။ ကျားဘိုက အထုပ်ကို ပြေးလုသည်။
ခေါင်းကို လှည့်ပြီးရှောင်လိုက်သဖြင့် ..ကျားဘိုအစွယ်က နားရွက်ဖျားသို့ နစ်
ဝင်သွား၏။ ညိုမ ဇွဲမလျှော့ ..။ တစ်ဖက်ပလက်ဖောင်းမှာ ကလေးတွေကိုမြင်
နေရပြီဖြစ်သည်။ ထိုပလက်ဖောင်းနားရောက်လျှင်တော့ လူအနည်းငယ်ရှိနေ
သဖြင့် ကျားဘိုတို့ မလိုက်လာရဲ ..။ အားတင်းပြီး ..ဆက်ပြေးသည်။ နားရွက်
မှ သွေးက တစ်စက်စက်ကျလာ၏။ လက်ပြင်ကိုက်ခံရသဖြင့် ရှေ့ခြေထောက်
တစ်ချောင်းက ထော့နင်းထော့နင်း..။ ကျားဘိုနှင့်အပေါင်းအပါတွေက အရှိန်
နှင့် လိုက်နေရာမှ တစ်ဘက်ပလပ်ဖောင်းနားလည်းရောက်ရော .. ကိုယ်ရှိန်
သတ်ကာ ပြန်လှည့်သွားသည်။ ညိုမ အောင်မြင်စွာနှင့် ကလေးတွေဆီသို့
အရောက်မှာ ပါးစပ်က အထုပ်ကို လွှတ်ချလိုက်၏။ သူ့တစ်ကိုယ်လုံးက အား
အင်မဲ့စွာ ပစ်လဲကျသွားသည်။ ကလေးတွေက အလုအယက် အထုပ်ထဲမှစား
စရာကို မြိန်ရည်ယှက်ရည် စားနေကြ၏။ မျက်လုံးကို အသာအယာမှေးစင်း
လျက် ..ညိုမ ကျေနပ်စွာ ..ကြည့်နေ၏ ...။

-----------------


အမေ ...
ဘယ်လိုနေနေ .. ဘာတွေလုပ်လုပ် ..
စုန်ရေ ..သဘော ..
စစ်ကြော အမှန် ..
ငြင်းဆန်မရ ...
အမေ့မေတ္တာ .. ကရုဏာ ..။

ကြီးမား သတ္တိ ....
လောက၏ ၀န်၊
ပင်ပန်းလျှင်လည်း ...
ပြူစူမဲ့ကင်း ..ထိုချစ်ခြင်းသည် ...
လမင်းပမာ ..အေးမြစွာ ....။

အမေ့အေးရိပ်
ချွေးသိပ်နားခို
ရိုသေမြတ်နိုး ..လက်စုံမိုးရင်း
ရှိခိုးခြင်းလျှင် .. ဦးထိပ်တင်သည် ...
အမေဟာ ..အမေ ....
စိမ့်စမ်းရေ ................။ ။


-------------------------------------------


နန်းအသင်္ခယာ

1 comment:

  1. အရမ်းဖတ်လို့ ကောင်းပါတယ်..အမေမေတ္တာကို ဖော်ကျူးထားတဲ့ အကောင်းဆုံး ၀တ္တုတိုတစ်ပုဒ်ဖြစ်ပါတယ်.. ဆက်ရေးပါလို့ ပြောပြရစေ..အမြဲအားပေးနေမယ်..

    ReplyDelete